Computer Is A Bicycle For The Mind
၂၀၂၀ ရဲ့ ကမ္ဘာ့အချမ်းသာဆုံးဆယ်ယောက်မှာ ခုနှစ်ယောက်က ကွန်ပျူတာနည်းပညာနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီပိုင်ရှင်တွေ။ ကိုဗစ်-၁၉ လို အကျပ်အတည်းကာလမှာတောင် အိုင်တီအလုပ်ဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့အပြိုင် လစာအကောင်းဆုံးအလုပ်နှစ်ဆယ်ထဲ ပါဝင်နေတုန်းပဲ။ အမေရိကန်လို နိုင်ငံမှာ Java Developer တစ်ယောက်ရဲ့ တစ်နှစ်ပျှမ်းမျှလစာဟာ ဒေါ်လာ တစ်သိန်းကျော်တယ်။
ပညာရေးနယ်ပယ်မှာလည်း အရင်ဆယ်စုနှစ်တွေတုန်းက Reading, Writing နဲ့ Arithmetic ဆိုပြီး အလေးထား ပြောဆိုနေခဲ့ရာကနေ ယခုနှစ်တွေမှာတော့ Reading, Writing နဲ့ Computing ဆိုပြီး ကွန်ပျူတာ ကျွမ်းကျင်မှု အပိုင်းကို အလေးထား ပြောဆို ဆွေးနွေးလာကြတယ်။ ကွန်ပျူတာ ပရိုဂရမ် ကျွမ်းကျင်စွာ ရေးတတ်ဖတ်တတ်နိုင်ခြင်းဟာ Maths, Science နဲ့ Engineering တွေမှာ လိုအပ်ချက်တစ်ခု ဖြစ်လာတယ်။
Apple ကုမ္ပဏီရဲ့ အစောပိုင်းကာလတုန်းက အင်တာဗျူးတစ်ခုမှာ Steve Jobs ကို What is computer? လို့ အင်တာဗျူးတဲ့သူက မေးတယ်။ Steve Jobs က Computer is a bicycle for the mind. လို့ ဖြေခဲ့တယ်။ ပြီးတော့ သိပ္ပံမဂ္ဂဇင်းတစ်စောင်မှာ သူငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ သုတေသနစာတမ်းတစ်ခု အကြောင်းကို ပြောပြတယ်။
စားသုံးထားတဲ့ ကယ်လိုရီပမာဏပေါ် မူတည်ပြီး ဘယ်သတ္တဝါက အဝေးဆုံးထိသွားနိုင်သလဲဆိုတာကို သိပ္ပံပညာရှင်တွေက တိုင်းတာကြတယ်။ ဥပမာ လူတစ်ယောက်ကို ကယ်လိုရီ နှစ်ထောင် ကျွေးသလို ငှက်တွေ မြင်းတွေ အစရှိတဲ့ တခြား သတ္တဝါတွေကိုလည်း ကယ်လိုရီ အညီအမျှကျွေးတယ်။ ပြီးတော့ အဝေးဆုံးသွားနိုင်တဲ့ ပမာဏကို မှတ်တမ်းယူတယ်။
အဲ့ဒီမှာ Condor ကွန်ဒိုဆိုတဲ့ငှက်က ပထမရတယ်။ လူဟာ အဝေးအသွားနိုင်ဆုံးစာရင်းရဲ့ နည်းနည်း နောက်မှာပဲ ရှိနေခဲ့တယ်။
လူတွေဟာ ခန္ဓာကိုယ်ရဲ့အား အသုံးပြုပြီး လုပ်ဆောင်ကြရတဲ့အလုပ်တွေမှာ တခြား သတ္တဝါတွေလို အကောင်းဆုံး စာရင်းမှာ မပါဝင်ဘူး။ ဒါပေမဲ့လည်း ဥပမာ လူကို စက်ဘီးတစ်စီးပေါ် တင်ပေးလိုက်မယ် ဆိုရင်တော့ စွမ်းဆောင်နိုင်မှု ပမာဏဟာ အဆမတန် ကွာခြားသွားတယ်လို့ Steve Job က ဆက်ပြောတယ်။
ဆိုလိုတာက လူတွေဟာ တီထွင်ကြံဆနိုင်စွမ်းရှိတယ်။ လူတွေဟာ စက်တွေ ကိရိယာတွေကို တီထွင်နိုင်ကြသူတွေ ဖြစ်တယ်။
ကွန်ပျူတာဟာ လူတွေရဲ့ တီထွင်ကြံဆနိုင်မှုကို အဆမတန် လျင်မြန်သွားစေမဲ့ စက်ပစ္စည်းကိရိယာ တစ်ခုဖြစ်တယ်လို့ ဆက်ပြောတယ်။
ကွန်ပျူတာ ပရိုဂရမ် ရေးသားခြင်း Computer Programming ဟာ ကွန်ပျူတာကို စနစ်တကျ တီထွင်ကြံဆ ခိုင်းစေနိုင်တဲ့ အရေးပါ အသုံးဝင်တဲ့ ဘာသာရပ်တစ်ခု ဖြစ်တယ်။
**********
Next : Java ဖြင့် အခြေခံ ကွန်ပျူတာပရိုဂရမ် ရေးသားနည်း - နိဒါန်း
Comments
Post a Comment