အခြေခံ ကွန်ပျူတာပရိုဂရမ် ရေးသားနည်း - နိဒါန်း
ဒီ အခန်းဆက် သင်ခန်းစာတွေဟာ အခြေခံ ကွန်ပျူတာပရိုဂရမ် ရေးသားနည်းကို မိတ်ဆက်ပေးတာ ဖြစ်တယ်။ ကွန်ပျူတာပရိုဂရမ်ရေးသားနည်း ဘာသာရပ် တစ်ခုဖြစ်တဲ့ Java ဂျာဗား ကို အသုံးပြုမှာ ဖြစ်တယ်။ ကွန်ပျူတာပရိုဂရမ်ရေးသားနည်း ရဲ့ အခြေခံ သဘောတရားတွေကို မိတ်ဆက်ရင်း Java Development Kit (JDK) နဲ့ တခြား လိုအပ်တဲ့ Tools တွေကိုလည်း လေ့လာသွားမှာ ဖြစ်ပါတယ်။
ကွန်ပျူတာ ပရိုဂရမ် ရေးသားနည်းကို သီအိုရီ သက်သက်မဟုတ်ဘဲ လက်တွေ့ကို ဉီးစားပေး သင်ယူလိုသူများအတွက် လက်တွေ့လေ့ကျင့်လို့ရတဲ့သင်ခန်းစာတွေအဖြစ် ရည်ရွယ်ပါတယ်။ အခြေခံပညာ အထက်တန်းကိုတက်ရောက်နေသူ တက်ရောက်အောင်မြင်ပြီးသူ နဲ့ တက္ကသိုလ်တက်ရောက်နေသူများကို ရည်ရွယ်ပါတယ်။ ကွန်ပျူတာ ပရိုဂရမ် ရေးသားနည်းကို အခြေခံမှစပြီး စနစ်တကျ လေ့လာချင်သူများအတွက် ရည်ရွယ်ပါတယ်။
ကျောင်းသုံးစာအုပ်တွေထဲမှာပါတဲ့ သင်ခန်းစာတွေကို ထည့်သွင်းထားသလို လုပ်ငန်းခွင်မှာ တကယ်လက်တွေ့ ရေးလေ့ရေးထရှိတဲ့ပုံစံ ကွန်ပျူတာပရိုဂရမ်များကိုလည်း ထည့်သွင်းထားတာမို့ လေ့လာသူများအနေနဲ့ လက်တွေ့လုပ်ငန်းခွင်မှာ ကွန်ပျူတာပရိုဂရမ်တွေရဲ့ အရေးပါအသုံးဝင်ပုံကို ရိပ်စားမိနိုင်မှာ ဖြစ်ပါတယ်။
ဒီ သင်ရိုးဟာ ပရင်စတန်တက္ကသိုလ်ရဲ့ ကျောင်းသုံးစာအုပ် Introduction To Programming In Java ကို တစိတ်တပိုင်း ကိုးကားထားပါတယ်။ သီအိုရီကိုအလေးထား ပိုပြီးအသေးစိတ်လေ့လာလိုသူများအနေနဲ့ အဲ့ဒီ ကျောင်းသုံးစာအုပ်ကို တိုက်ရိုက် ဖတ်ရှုနိုင်ပါတယ်။
ဒါပေမဲ့ အသေးစိတ်အချက်အလက်ကို ခဏထား ကွန်ပျူတာပရိုဂရမ်ကို အရင်လက်တွေ့ ရေးတတ်လိုသူတွေအတွက် ဒီသင်ခန်းစာတွေဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။
**********
Next : အခြေခံ ကွန်ပျူတာပရိုဂရမ် ရေးသားနည်း - Installing and Configuring JDK
Previous : Computer is a bicycle for the mind
Comments
Post a Comment